Singapore Securities Exchange Trading Limited (SGX-ST) တွင် စာရင်းသွင်းမှတ်ပုံတင်ထားသည့် Yoma Strategic Holdings Ltd သည် မြန်မာနိုင်ငံတွင် အိမ်ခြံမြေ၊ စားသောက်ကုန်၊ မော်တော်ယာဉ် နှင့် ပစ္စည်းကိရိယာများ နှင့် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နေသော ထိပ်တန်းစီးပွားရေး ကော်ပိုရေးရှင်းဖြစ်ပါသည်။ မိတ်ဖက်အဖွဲ့အစည်းဖြစ်သော SPA Group နှင့်အတူ မြန်မာနိုင်ငံ၏ စီးပွားရေး လုပ်ငန်းနယ်ပယ်အသီးသီးတွင် လုပ်ကိုင်ရန်အတွက် လုပ်ငန်းပေါင်းစုံကော်ပိုရေးရှင်းအဖြစ် လုပ်ကိုင်လျှက်ရှိပါသည်။ ကုမ္ပဏီသည် (၂၀၁၄-၂၀၁၆) သုံးနှစ်ဆက်တိုက် စင်္ကာပူနိုင်ငံ၏ အုပ်ချုပ်မှုနှင့် ပွင့်လင်းမြင်သာမှု အရှိဆုံး ကုမ္ပဏီများအနက် ထိပ်သီး ၁၀ ရာခိုင်နှုန်း တွင်ပါ၀င်သည့်အပြင် ၂၀၁၅ ခုနှစ် ၏ အာဆီယံကုမ္ပဏီအုပ်ချုပ်မှုမှ သတ်မှတ်သည့် စင်္ကာပူ၏ အကြီးဆုံးကုမ္ပဏီပေါင်း ၁၀၀ အနက် အဆင့် ၁၇ တွင်ရပ်တည်ပြီး ၂၀၁၆ ခုနှစ်၏ စင်္ကာပူကုမ္ပဏီများ ဆုပေးပွဲတွင် အကောင်းဆုံး စီမံခန့်ခွဲမှု ဒါရိုက်တာအဖွဲ့ (ရွှေ) ဆုကိုလည်း ချီးမြှင့်ခြင်းခံရသည်။

လျင်မြန်စွာ ပြောင်းလဲနေသော စီးပွားရေး

ယနေ့ မြန်မာနိုင်ငံသည် International Monetary Fund and the Asian Development Bank (“ADB”) ပရောဂျက်အရ ကမ္ဘာပေါ်တွင် တိုးတက်မှု အမြန်ဆန်ဆုံးသော စီးပွားရေးနယ်ပယ်တစ်ခု ဖြစ်သည့်အားလျော်စွာ ပြည်တွင်းအသားတင်ထုတ်ကုန်တန်ဖိုးသည်လည်း ယခုနှစ်တွင် ၈.၆ရာခိုင်နှုန်းထိ မြင့်တက်လာခဲ့ပါသည်။ မြန်မာနိုင်ငံသို့ နိုင်ငံခြားမှတိုက်ရိုက်ရင်းနှီးမြှပ်နှံမှု (FDI) သည်လည်း ၂၀၁၅ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၈.၀ဘီလီယံမှ ၂၀၁၆ ခုနှစ် ဘဏ္ဍရေးနှစ်တွင် ၉.၄ဘီလီယံအထိရှိလာပြီး မြန်မာ့ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ယခုနှစ်အတွက် ခန့်မှန်းချက် အမေရိကန်ဒေါ်လာ ၆ဘီလီယံကို ကျော်လွန်မည်ဟု ခန့်မှန်းထားသည်။ အခြေခံအဆောက်အဦးများအပေါ် ရင်းနှီးမြှပ်နှံမှုလိုအပ်ချက် မြင့်မားလာသောကြောင့် ADB မှ ထိုအခြေခံအဆောက်အဦးများအတွက် အမေရိကန်ဒေါ်လာ ၁၂၀ ဘီလီယံခန့် လိုအပ်မည်ဟု ခန့်မှန်းထားသည်။ ထို့အပြင် စားသုံးသူများ၏ အသုံးစရိတ် မြင့်မားလာမှု၊ စီးပွားရေး၏တိုးတက်ခိုင်မာလာသည် နှင့်အမျှ မြန်မာ့လူငယ်လူရွယ်ဦးရေနှင့် ၄င်းတို့၏ ငွေကြေးသုံးစွဲမှုတို့ပါ တိုးတက်မြင့်မားလာပါသည်။ ထိုအချက်ကြောင့်ပင် စီးပွားရေးနယ်ချဲ့လိုသော အာရှနှင့် နိုင်ငံတကာမှ ကုမ္ပဏီများအတွက် မြန်မာနိုင်ငံသည် အလွန်စိတ်ဝင်စားခြင်း ခံရပါသည်။ စတုတ္ထမြောက် မိုဘိုင်းဖုံးအော်ပရေတာ လိုင်စင်ထုတ်ပေးလိုက်ခြင်းကို ကြည့်ခြင်းအားဖြင့် ဆက်သွယ်ရေးကဏ္ဍသည်လည်း တရှိန်ထိုး ဆက်လက်တိုးတက်နေမည်ကို မြင်တွေ့ကြရမည်ဖြစ်ပါသည်။ ယနေ့မြန်မာနိုင်ငံတွင် မိုဘိုင်းသုံးစွဲမှုမှာ ၆၃ရာခိုင်နှုန်းရှိပြီး လူဦးရေအများစုမှာ စမတ်ဖုံးကို အသုံးပြုနေကြပါသည်။ အစိုးရ၏ဆက်သွယ်ရေး လုပ်ဆောင်ချက်စီမံကိန်းအရ လူဦးရေ၏ ခန့်မှန်းခြေ ၉၀ ရာခိုင်နှုန်းမှာ မိုဘိုင်းဖုံးအသုံးပြုနို်င်ခြင်းနှင့် ၈၅ ရာခိုင်နှုန်းမှာ အင်တာနက်ချိတ်ဆက်နိုင်ပြီး ၄င်းတို့၏ထက်ဝက်မှာ မြန်နှုန်းမြင့်အင်တာနက်ကို ၂၀၂၀ပြည့်နှစ်တွင် အသုံးပြုနိုင်ရန် ဖြစ်ပါသည်။ ထိုကဲ့သို့ တိုးတက်နေသော မြန်မာနိုင်ငံ စီးပွားရေးတွင် ကျွန်ုပ်တို့၏အဓိက လုပ်ငန်းများဖြစ်သော အိမ်ခြံမြေ၊ မော်တော်ယာဉ်နှင့်အပိုပစ္စည်းများ၊ စားသုံးသူများစီးပွားရေးလုပ်ငန်းများ တိုးချဲ့ရန် နေရာကောင်းရယူထားပါသည်။

ရေရှည်တည်တံ့သော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု

ကျွန်ုပ်တို့အနေဖြင့် ယခုအစိုးရအသစ်၏အလေးပေးမှုဖြစ်သော အမျိုးသားပြန်လည်သင့်မြတ်ရေးကို အဓိကထားသည့် ငြိမ်းချမ်းရေးနှင့်တရားဥပဒေစိုးမိုးရေး ဆိုသည့် အချက်သည် စီးပွားရေး ရေရှည်တိုးတက်မှု ခိုင်မြဲ တည်တံ့ရေးအတွက် အဓိကကျသော အချက်ဖြစ်သည်ဟု ယုံကြည်မိပါသည်။အစိုးရအနေဖြင့် ပြည်သူလူထုအား လွန်ကျူးသော မျှော်လင့်ချက်များ မပေးရန်၊ နိုင်ငံတကာ၏ သင့်တော်မှုမရှိသေးသည့် အကြံပေးမူဝါဒများအပေါ် သတိမူ၍ စစ်ဘက်ရေးရာနှင့်ဆန့်ကျင်မည့်အစား မဟာမိတ်စိတ်ဓာတ်ဖြင့် အတူပူးပေါင်းလုပ်ဆောင်ရန် ဖြစ်ပါသည်။ ထိုကဲ့သို့သော မဟာဗျူဟာသည် သမာသမတ်အကျဆုံးနှင့် လက်တွေ့အကျဆုံး ဖြစ်ပါသည်။ ဤကဲ့သို့ အပြုသဘောဆောင်သော တိုးတက်မှုများနှင့်အတူ နိုင်ငံသည် ကမ္ဘာ့စီးပွားရေးစနစ်ဆီသို့ တဖြည်းဖြည်း ထိုးဖောက်ဝင်ရောက်နိုင်မည် ဖြစ်ပါသည်။ ၂၀၁၆ခုနှစ် မေလတွင် မြန်မာနိုင်ငံ၏ အချို့သော ဘဏ်များကို အမေရိကန်မှ စီးပွားရေး ပိတ်ဆို့ထားမှုများ ဖြေလျှော့ပေးလိုက်ခြင်း၊ အထွေထွေကုန်သွယ်မှုလိုင်စင် ကန့်သတ်ချက်ကိစ္စရပ်များအပေါ် လျှော့ချပြင်ဆင်လိုက်ခြင်း တို့ ဖြစ်ပေါ်ခဲ့ပါသည်။ ပြီးပြည့်စုံသော ကန့်သတ်ချက်များရုတ်သိမ်းမှုမှာ အချိန်ကာလ အတိုင်းအတာတစ်ခုအထိ ကြာမြင့်ဦးမည် ဖြစ်ပါသည်။ အစိုးရအသစ် အနေဖြင့် ရင်ဆိုင်ရမည့် အခက်အခဲများမှာလည်း မြောက်များစွာ ရှိနေပါသည်။ ယနေ့ စီးပွားရေးအခြေအနေ တိုးတက်မှုမှာ သဘာဝသယံဇာတများကို နိုင်ငံခြားသို့တင်ပို့ခြင်း၊ ဆောက်လုပ်ရေးနှင့် ခရီးသွားလုပ်ငန်းများဖြင့်သာ မှီခိုနေရသော်လည်း လာမည့်နှစ်တွင် ထိုအခြေအနေမှ အနည်းငယ် တိုးတက်လာမည်ဟု ခန့်မှန်းရပါသည်။ ထို့အပြင် တိုးတက်လာသော စီးပွားရေးနှင့်အတူ ငွေကြေးဖောင်းပွမှုများ လိုက်ပါလာသော်လည်း ယခုနှစ်တွင် အနည်းငယ် သက်သာလာနိုင်သည်ဟု မျှော်လင့်ရပါသည်။ သို့သော် ဤအချက်များသည် ယခုကဲ့သို့ ထွန်းသစ်စ စီးပွားရေးဖြစ်စဉ်ထဲတွင် အခွင့်အလမ်း အမြောက်အမြားစွာ ရှိနေသည်ကို ဖော်ဆောင်ပြီး ကျွန်ုပ်တို့ ကုမ္ပဏီအုပ်စုသည်လည်း စီးပွားရေးပတ်ဝန်းကျင်ကို နီးကပ်စွာလေ့လာလျက်ရှိပါသည်။ ကျွန်ုပ်တို့သည် သမာသမတ်ကျသော လုပ်နည်းအတိုင်း လုပ်ဆောင်နေသည့် အားလျော်စွာ အတွေ့အကြုံရှိပြီး ငွေကြေးအင်အားတောင့်တင်းသော နိုင်ငံတကာရှိ မိတ်ဖက်များကို ဖိတ်ခေါ်၍ ပြည်တွင်းစျေးကွက်၏ လိုအပ်ချက်များကို ပံ့ပိုးနိုင်ရန် ကြိုးပမ်းလျက် ရှိပါသည်။

ပင်ကိုယ်စွမ်းရည် ယှဉ်ပြိုင်ပွဲ

ယခင်နှစ်များတွင် ဖော်ပြခဲ့သည့်အတိုင်း သေချာစွာ ခွဲခြားသတ်မှတ်နိုင်ခြင်း၊ သပ်ရပ်သောပြင်ဆင်မှု၊ ပင်ကိုယ်စွမ်းရည်ရှိသူကို မြေတောင်မြှောက်ပေးမှုများသည် ကျွန်ုပ်တို့ ကုမ္ပဏီအုပ်စု၏ ရှေ့ဆက်ရမည့်လမ်းတွင် အဓိကကျသော သော့ချက်များပင်ဖြစ်သည်။ လုပ်ငန်းအတွေ့အကြုံ ကြွယ်ဝမှုရှိသော ပြည်ပရောက် မြန်မာနိုင်ငံသားများကို ပြည်တွင်းသို့ ပြန်လည်ခေါ်ဆောင်လာပြီး စီးပွားရေးလုပ်ငန်းစု အမျိုးမျိုးတွင် ဦးဆောင်စေကာ ပြည်တွင်း၏ စီမံခန့်ခွဲမှုခေါင်းဆောင်သူများအဖြစ် မြှင့်တင်ပေးခြင်းကိုလည်း ဆက်လက်လုပ်ဆောင်လျက် ရှိပါသည်။ ကျွန်ုပ်တို့သည် ပြည်ပမှ ပြန်လာသော မြန်မာနိုင်ငံသား ပညာရှင်များအား မျှော်လင့် ထားသည်ထက် ပို၍ ဆွဲဆောင်နိုင်သည်ကို ဂုဏ်ယူမိသကဲ့သို့ ပြည်တွင်းရှိ၀န်ထမ်းများအတွက်လည်း လိုအပ်သော သင်တန်းများဖြင့် အစဉ် ပို့ချပေးလျက်ရှိပါသည်။ ကျွန်ုပ်တို့သည် ဋ္ဌာနအသီးသီးရှိ ၀န်ထမ်းများကို သင်တန်းပေးခြင်းအတွက် အပြည့်အဝရင်းနှီးမြှပ်နှံထားပြီး လစဉ်စီမံခန့်ခွဲမှုအစည်းအဝေးတွင် ဌာနဆိုင်ရာ မန်နေဂျာများ၏ အကြံဉာဏ်များနှင့် အတွေ့အကြုံများကို အချင်းချင်း ပြန်လည်သင်ယူ ဝေမျှပေးကြပါသည်။ ထိုကဲ့သို့ပြုလုပ်ခြင်းဖြင့် တစ်ဦးချင်းစီ၏ မတူညီသော ပင်ကိုယ်အရည်အချင်းများကို တွေ့မြင်နိုင်ပြီး အပြန်အလှန်သင်ကြား နိုင်မည်ဖြစ်ပါသည်။ အချုပ်အားဖြင့်ဆိုသော် ကျွန်ုပ်တို့စီးပွားရေးလုပ်ငန်းစုတွင် ဦးဆောင်နိုင်သော စီမံခန့်ခွဲမှုပညာရှင်များ ပိုမိုထွက်ပေါ်လာစေရန် အဓိက ရည်ရွယ်ချက်ထား၍ လုပ်ဆောင်လျက်ရှိပါသည်။ ဥပမာအားဖြင့် ကျွန်ုပ်တို့၏ KFC စီးပွားရေးလုပ်ငန်း မြန်မာနိုင်ငံ၌ စတင်ချိန်တွင် သီးသန့်အုပ်ချုပ်မှူရုံးအဖွဲ့ အားဖွဲ့စည်း၍ တာဝန်လွှဲအပ်ထားခြင်းဖြင့် ပိုမိုလျင်မြန်ပြီး ထိရောက်သော လုပ်ငန်းလည်ပတ်မှုနှင့် ကြီးကြပ်ရေးစနစ် တည်ထောင်နိုင်ခဲ့ပြီး ဆိုင်ခွဲများကိုလည်း လျှင်မြန်စွာ ဖွင့်လှစ်နိုင်ခဲ့ပါသည်။ ကျွန်ုပ်တို့၏နယူးဟော်လန်လယ်ထွန်စက်နှင့် စက်ပစ္စည်းများ ငှားရမ်းမှုလုပ်ငန်းများတွင်လည်း အလားတူပင် ဖြစ်ပါသည်။

ကုမ္ပဏီအုပ်ချုပ်မှုအပေါ် အလေးထားခြင်း

ကျွန်ုပ်တို့အဖွဲ့အစည်းသည် ကုမ္ပဏီအုပ်ချုပ်မှုအပေါ်တွင် ဆက်လက်ကြိုးစား ဆောင်ရွက်ပြီး အကျင့်ပျက်ခြစားမှု လုံးဝမရှိသည့် အစဉ်အလာကိုလည်း ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်သည်။ ထို့အတွက် ပြည်တွင်းနှင့် နိုင်ငံတကာမှ အဖွဲ့အစည်းများအကြား ဂုဏ်သတင်းကျော်ကြားပြီး နိုင်ငံတကာမှ ပူးပေါင်းလုပ်ကိုင်ရန် စိတ်ဝင်စားမှုများကိုလည်း ရရှိလျက်ရှိသည်။ ထို့ကြောင့် ကျွန်ုပ်တို့ ကုမ္ပဏီအုပ်ချုပ်မှုအပေါ်တွင် ရင်းနှီးခဲ့သည့် အကျိုးကျေးဇူးများကို ယခုအချိန်တွင်သာမက ရေရှည်တွင်လည်း ဆက်လက် ခံစားရမည်ဟု ယုံကြည်ပါသည်။ Yoma Strategic သည် ၂၀၁၅ ခုနှစ် ၏ အာဆီယံကုမ္ပဏီအုပ်ချုပ်မှုမှ သတ်မှတ်သည့် စင်္ကာပူ၏ အကြီးဆုံးကုမ္ပဏီပေါင်း ၁၀၀ အနက် အဆင့် ၁၇ အဖြစ်ရွေးချယ်ခံရပြီး ယခင်နှစ်အဆင့် ၁၈ ထက်တစ်ဆင့်မြင့်တက်လာခဲ့ပါသည်။ ကျွန်ုပ်တို့၏ မိသားစုကုမ္ပဏီဖြစ်သော SPA သည်လည်း ၂၀၁၅ ခုနှစ် မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရရှိရေး အထောက်အကူပြုဌာနမှ ရွေးချယ်သည့် ပွင့်လင်းမြင်သာမှုအရှိဆုံး ကုမ္ပဏီစာရင်းတွင်လည်း ရွေးချယ်ခြင်းခံရပါသည်။ ကျွန်ုပ်တို့အတွက် ထိုဆုများသည် ကောင်းမွန်သော ကုမ္ပဏီအုပ်ချုပ်မှု လမ်းကြောင်းပေါ်တွင် ဆက်လက်လျှောက်လှမ်းနိုင်ရန်အတွက် အင်အားတစ်ရပ်ဖြစ်ပါသည်။ မကြာမီက ခန့်အပ်ထားသည့် ဒါရိုက်တာ တစ်ဦးဖြစ်သော Ms Wong Su-Yen သည် မဟာဗျူဟာမြောက် ပင်ကိုယ်စွမ်းရည် ဖွံ့ဖြိုးတိုးတက်မှု၊ အဖွဲ့အစည်းလိုက် အသွင်ပြောင်းလဲခြင်းနှင့် စီမံအုပ်ချုပ်မှုကို ပြန်လည်ပြင်ဆင်ခြင်း တို့အပြင် ဘုတ်အဖွဲ့ တိုးတက်မှုအတွက်လည်း ကျွမ်းကျင်သူတစ်ဦး၏ လုပ်ဆောင်ချက်များဖြင့် လုပ်ဆောင်ပေးခဲ့ပါသည်။ ထပ်မံ အသစ်ခန့်အပ်လိုက်သော Dato Timothy Ong Teck Ming သည်လည်း သူ၏ စီးပွားရေး အထူးကျွမ်းကျင်မှုနှင့် ထူးခြားသော နိုင်ငံတကာရှိ အတွေးအခေါ်များကို ဘုတ်အဖွဲ့ဆီသို့ ယူဆောင်လာခဲ့ပါသည်။

ကျွန်ုပ်တို့၏ အများအကျိုးပြုလုပ်ငန်းများ

လွန်ခဲ့သည့် နှစ်များကတည်းကပင် ကျွန်ုပ်တို့ ပြည်သူလူထုအတွက် အကျိုးပြုလုပ်ငန်းများ (CSR) ကို လုပ်ဆောင်ရာတွင် ပိုမိုကောင်းမွန်စွာလုပ်ဆောင်နိုင်ရန် ကြိုးစားခဲ့ပါသည်။ ရိုးမရန်ကုန် အပြည်ပြည်ဆိုင်ရာမာရသွန် (YYIM) ကို နှစ်စဉ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့်အတူ ပူးပေါင်း၍ ကျင်းပလျက်ရှိပါသည်။ ၂၀၁၃ ခုနှစ်တွင် စတင်ကျင်းပခဲ့သည့် ရိုးမရန်ကုန်အပြည်ပြည်ဆိုင်ရာမာရသွန် (YYIM)သည် တစ်နှစ်ထက်တစ်နှစ် ပိုမိုကြီးထွားလာရာ ရန်ကုန်မြို့၏ အားကစားနှင့် လူမှုရေးပြယုဒ်တစ်ခု ဖြစ်လာပြီဖြစ်သည်။ ၂၀၁၆ ခုနှစ် ဇန်နဝါရီတွင် အပြေးသမားပေါင်း (၆၀၂၂) ဦးရှိပြီး ယခင်နှစ်ထက် ၄၄ရာခိုင်နှုန်း ပိုမိုတိုးတက်လာသည်ကိုလည်း တွေ့ရှိရပါသည်။ ရိုးမရန်ကုန်အပြည်ပြည်ဆိုင်ရာမာရသွန် (YYIM)မှ ရရှိခဲ့သော ၀င်ငွေအားလုံးကို မိဘမဲ့ကျောင်း သုံးကျောင်းရှိ ဆင်းရဲနွမ်းပါးသော မြန်မာ့ကလေးငယ်များအတွက် ပညာရေး နှင့် ကျန်းမာရေးအတွက် လှူဒါန်းခဲ့ပါသည်။ ကျွန်ုပ်တို့ လုပ်ဆောင်လျက်ရှိသော အများအကျိုးပြုလုပ်ငန်းများကို ပိုမိုလုပ်ဆောင်နိုင်ရန်အတွက် Myanmar Business Coalition on Aids (“MBCA”) နှင့် ပူးပေါင်းကာ ရခိုင်ပြည်နယ် မြောက်ဦးဒေသရှိ ရေဘေးသင့်ကျေးရွာများသို့ ရေသန့်စင်စနစ်များကို ဖြန့်ဖြူးပေးခဲ့ပါသည်။ ထို့အပြင် MBCA နှင့်အတူပူးပေါင်း၍ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များ(SME) နှင့် ၄င်းတို့၏ စီမံခန့်ခွဲမှု အဖွဲ့များအတွက် လိုအပ်သော စီးပွားရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ရရှိစေရန် နှီးနှောဖလှယ်ပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲများကို မြန်မာနိုင်ငံတဝှမ်း ပြုလုပ်ခဲ့ပါသည်။ အထက်ဖော်ပြပါ အများအကျိုးပြုလုပ်ငန်းများ ကြိုးပမ်းအားထုတ်မှုများကြောင့် ယနေ့အချိန်ထိ လူဦးရေ ၄၅၀၀၀ကို ရေသန့်ထောက်ပံ့ပေးနိုင်ခဲ့ပြီး ကျွန်ုပ်တို့ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲများသို့ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်ပေါင်း အယောက် ၈၀၀ ကျော် တက်ရောက်ခဲ့ပါသည်။ ကျွန်ုပ်တို့၏ လုပ်ဆောင်ချက်များသည် ဤမျှနှင့်ပင် မပြီးဆုံးသေးပါ။ ပြည်တွင်းလူနေမှု အသိုက်အဝန်း၏ နေထိုင်မှုဘဝ ပိုမိုတိုးတက်စေရန််အတွက် ကျေးရွာရှိကျောင်းများအား ပြုပြင်ပေးခြင်း၊ လိုအပ်သည်များကို ထောက်ပံ့ပေးခြင်း သို့မဟုတ် ဘဏ္ဍာရေးငွေများ တိုးပွားလာစေရန်အတွက် ရန်ပုံငွေ ကောက်ခံနိုင်သည့်ပွဲများ စီစဉ်ပေးခြင်းတို့ လုပ်ဆောင်လျက်ရှိပါသည်။ ကျွန်ုပ်တို့၏ဝန်ထမ်းများကိုလည်း ၄င်းတို့၏ ပတ်ဝန်းကျင် အသိုင်းအဝိုင်းတွင် တစ်ဦးချင်းစီအလိုက်သာမက အသင်းအဖွဲ့အနေဖြင့်ပါ တက်ကြွစွာလုပ်ဆောင်ပေးရန် တိုက်တွန်းပေးလျက်ရှိပါသည်။ ကျွန်ုပ်တို့ကိုယ်တိုင်ပြုလုပ်သည့် အများအကျိုးပြုလုပ်ငန်းများနှင့်သာမက အခြားသော အဖွဲ့အစည်းများဖြင့် ပူးပေါင်းလုပ်ဆောင်မှုများမှလည်း မြန်မာနိုင်ငံအတွက် ကောင်းမွန်သော ပြောင်းလဲမှုများ တစ်နှစ်ထက်တစ်နှစ် တိုးပွားလာစေရန် ဆက်လက်လုပ်ဆောင်နိုင်မည်ဟု မျှော်လင့်မိပါသည်။

တတိယအကြိမ်မြောက် ရှယ်ယာရှင်များခရီးစဉ်

ကျွန်ုပ်တို့သည် ရှယ်ယာရှင်များနှင့် ရင်းနှီမှုပိုမိုရရှိစေရန် ရည်ရွယ်၍ နှစ်စဉ် ရှယ်ယာရှင်များ ခရီးစဉ်ကို ပြုလုပ်ခဲ့ပြီး တတိယအကြိမ်မြောက်ကို ၂၀၁၆ ခုနှစ် မတ်လ ၁၈ ရက်နေ့မှ ၂၁ ရက် နေ့တွင် ပြုလုပ်ခဲ့ပါသည်။ ယခင်နှစ်က (၇၆) ယောက်သာ ပါ၀င်ခဲ့ရာမှ ယခုနှစ်တွင် စင်ကာပူ၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်၊ ပြင်သစ် နှင့် အမေရိကန်ပြည်ထောင်စုတို့မှ ရှယ်ယာရှင်စုစုပေါင်း အယောက် (၁၀၀) ပါ၀င်ခဲ့ပါသည်။ ပန်းလှိုင်အိမ်ရာ၊ ကြယ်စင်အိမ်ရာ နှင့် Landmark Development ပရောဂျက်များနှင့် KFC ဆိုင်များ၊ နယူးဟော်လန်နှင့် မစ်ဆူဘီရှီမော်တော်ကားများ၏ ဖြန့်ဖြူးမှုလုပ်ငန်းများကို အသေးစိတ်သိရှိ နားလည်သိရှိနိုင်စေရန်အတွက် ၎င်းတို့နှင့်ပက်သက်သည့် ရှင်းလင်းတင်ပြချက်များနှင့် ကွင်းဆင်းလေ့လာမှုများကိုလည်း စီစဉ်ပေးခဲ့ပါသည်။ ခရီးစဉ်အတွင်းပါ၀င်ခဲ့သူများသည် မြန်မာနိုင်ငံအတွင်း မကြာသေးမီကဖြစ်ပေါ်ခဲ့သော ဖွံ့ဖြိုးတိုးတက်မှုများကို သိမြင်နားလည်စေရုံမျှမက ကျွန်ုပ်တို့၏ စီမံခန့်ခွဲမှုကိုပါ မိတ်ဆက်ပေးခဲ့ပြီး အသေးစိတ် အကြောင်းအရာများကို လေ့လာမေးမြန်းနိုင်သည့် အခွင့်အရေးများလည်းရှိခဲ့သည်။

ကျေးဇူးတင်လွှာ

အချုပ်အားဖြင့်ဆိုရသော် ကျွန်ုပ်တို့၏ အုပ်ချုပ်မှုကောင်းမွန်သော ဒါရိုက်တာဘုတ်အဖွဲ့ နှင့် အလုပ်ကြိုးစားပြီး သွက်လက်ထက်မြက်သော ၀န်ထမ်းများ၏ စွမ်းဆောင်မှုများအတွက် ကျေးဇူးတင်ကြောင်း ပြောကြားလိုပါသည်။ ထို့အပြင် ဒါရိုက်တာဘုတ်အဖွဲ့၏ကိုယ်စား နှုတ်ထွက်သွားပြီဖြစ်သော ဒါရိုက်တာ Dato Dr Mohd Amin Liew Abdullah နှင့် ဘုတ်အဖွဲ့တွင် လုပ်သက်၁၀ကြာဖြင့် ယခုနှစ်တွင် ပင်စင်ယူမည့် ဦးကြည်အေး တို့၏ သူမတူသော လုပ်ဆောင်မှုများနှင့် ပံ့ပိုးမှုများအတွက် ကျေးဇူးတင်ရှိကြောင်းကိုလည်း ထည့်သွင်း ပြောကြားလိုပါသည်။ တချိန်တည်းမှာပင် Dato Timothy Ong Teck Ming နှင့် Ms Wong Su-Yen တို့အား ကျွန်ုပ်တို့၏ ဒါရိုက်တာအသစ်များအဖြစ် ကြိုဆိုပြီး ၄င်းတို့၏ ၀န်ဆောင်ကူညီမှုများကိုလည်း မျှော်လင့်စောင့်စားလျက်ရှိပါသည်။ နောက်ဆုံးအနေဖြင့် မြန်မာနိုင်ငံ၏ ခေတ်သစ်အစပျိုးချိန်တွင် ရှေ့ဆက်မည့်ခရီးလမ်းအတွက် စီးပွားရေးလုပ်ဖော်ကိုင်ဖက်များ၊ ရှယ်ယာရှင်များနှင့် ၀န်ထမ်းများ၏ ဆက်လက်ပံ့ပိုးမှုများကို အလေးအနက် ကျေးဇူးတင်ကြောင်းကိုလည်း ပြောကြားလိုပါသည်။ ရှယ်ယာရှင်များအား အလေးအနက်ကျေးဇူးတင်သည့် အနေဖြင့် ရှယ်ယာတစ်စု၏ အကျိုးအမြတ်ဝေစုကို ၀.၂၅ စင်ကာပူဒေါ်လာအဖြစ် ရှယ်ယာရှင်များ သတ်မှတ်ခွင့်ပြုရန် ကျွန်ုပ်တို့ ဒါရိုက်တာဘုတ်အဖွဲ့မှ အဆိုပြုလိုပါသည်။

Mr. Serge Pun @ Theim Wai

အလုပ်အမှုဆောင်ဥက္ကဋ္ဌ